August 23, 2010

ထင်းရှုးပွင့်များ

Filed under: ဓာတ်ပုံ — အိမ့်ချမ်းမြေ့ @ 11:42 am

တစ်ကယ်ကတော့ ထင်းရူးပင်များဟာ gymnosperms များဖြစ်တဲ့အတွက် အပွင့်မပွင့်ပါဘူး။
တင်စားပြီးခေါ်တာပါ..
အစိမ်းရွက်တွေပေါ်က ထင်းရူးသီးကလေးတွေဟာ အလွန်ပဲစိတ်ဝင်စားစရာကောင်းပါတယ်……။

ထင်းရူးပင်တစ်ပင်ပေါ်မှာ.. ထင်းရူးသီးအဖိုနဲ့ အမ ရှိပါတယ်။ ထင်းရူးသီးအဖိုတွေကတော့ နိမ့်တဲ့အကိုင်းမှာ ရှိလေ့ရှိပြီး ထင်းရူးသီးအမ ကတော့ မြင့်တဲ့အကိုင်းတွေမှာ ရှိလေ့ရှိပါတယ်။ ထင်းရူအဖိုသီးတွေရဲ့ သက်တမ်းကတော့ တိုတတ်ပါတယ်။ အမသီးတွေကတော့ နှစ်ပေါင်းများစွာ ပိုရှည်ပြီး အရွယ်အစားလည်း ပိုကြီးပါတယ်။ အဖိုထင်းရူးသီးထဲက အလွန်သေးငယ်တဲ့ ၀တ်မှုန်လေးတွေ လွင့်ထုတ်ပြီးရင်တော့ ထင်းရူးသီအဖိုဟာ ကြွေပျက်သွားပါတော့တယ်။ လေနဲ့လွင့်လာတဲ့ ၀တ်မှုန်လေးတွေဟာ အမထင်းရူးသီးရဲ့ အကြေးခွံထဲမှာ သန္ဒေအောင်ပါတယ်။ အချိန်တန်တဲ့အခါ ထင်းရူးသီးအမဟာ သူရဲ့ အကြေးခွံတွေကို တလွှာချင်းစီဖွင့်ချပြီး ထင်းရူးစေ့ကလေးတွေကို ကြဲချလိုက်တော့တာပါပဲ… ပြီးတော့သူလည်းပဲ ခြောက်ပြီး သေဆုံးသွားတော့တာပါပဲ။


 pine21.jpg

 pine1.jpg

ဒီထင်းရူးသီးလေးဆိုရင်လည်း အခုလိုစိမ်းစိမ်းစိုစိုလေးနဲ့ လှသလို….

pine51.jpg

 ပွင့်သွားတော့လည်း ပန်းခြောက်ကလေး ကပ်ထားသလို လှနေတာပါပဲ…..

 pine41.jpg

August 21, 2010

မြန်မာ့စတိုင်ဂျာနယ် အတွဲ ၁၊ အမှတ်စဉ် ၃

မလေးရှားမှာ ထုတ်ဝေသော မြန်မာဂျာနယ်တစ်ခုဖြစ်တဲ့ မြန်မာ့စတိုင်ဟာ ခုဆိုရင် အမှတ်စဉ် ၃ အထိရောက်လာပြီဖြစ်ပါတယ်။
စာပေမြတ်နိုးတဲ့ စိတ်နဲ့ ဒီဂျာနယ်ဖြစ်မြောက်ရေးတွက် အခက်ခဲတွေ အမျိုးမျိုးကြားက ကြိုးပမ်းလာကြတာ.. လိုအပ်တာလေးတွေကို ပိုမိုကောင်းမွန်အောင်…
နောက်ပြီး…. မြန်မာ့စတိုင်ဆိုတဲ့ အမည်နဲ့လည်းလိုက်အောင် နောင်လာမယ့် လ တွေမှ စပြီး…. ထိန်းသိမ်းသွားမယ်လို့ စီစဉ်သူများက ဆိုပါတယ်လို့… စကားပါးလိုက်ပါတယ်ရှင်..။

August 17, 2010

လူမဲတို့ရဲ့ ဘောလုံးကောက်ကြောင်း

Filed under: ဂျာနယ်, ဆောင်းပါး — အိမ့်ချမ်းမြေ့ @ 4:49 pm

လူ့ သဘောသဘာဝအရ ရုပ်ရည်သန့်ပြန့်ပြီး အသားဖြူသူတွေ ကို ခင်မင်ရင်းနှီးချင်ကြတယ်။ အသားဖြူဖြူချောချောနဲ့ ရုပ်ရည်ခန့်ညားတဲ့ သူတွေကို စိတ်သဘောထား ပိုကောင်းတယ်လို့လည်း သတ်မှတ်တတ်ကြ တယ်။ အသားအရောင်ပိုဖြူလို့ ပိုသန့်တယ်ရယ်လို့ လူ့ပတ်ဝန်းကျင်က သတ်မှတ်လိုက်လို့ လူမှုရေးနယ်ပယ်မှာ အလိုလိုမြင့်တက်သွားတတ်တဲ့ အဲဒီ့သူတွေဟာ ပညာရေး၊ စီးပွားရေးနယ်ပယ်၊ လုပ်ငန်းခွင်တွေမှာလည်း အောင်မြင်မှု ပိုရတတ်ကြပါတယ်။

“အာဖရိကတိုက်ကြီးက ကြောက်စရာကြီးနော်.. လူမည်း ၉၀%နှုန်းတောင်ရှိတယ်” ဆိုတဲ့ စကားကို ကျွန်မ ကြားရတတ်ပေမယ့် “ဥရောပ တို့ မြောက်အမေရိကတိုက်ကြီးတို့က ကြောက်စရာကြီးနော်.. လူဖြူတွေ နည်းတာမဟုတ်ဘူး” ဆိုတဲ့ စကားကိုတော့ မကြားရတတ်ပါဘူး။ မြန်မာ စကားမှာတောင်မှ “လှပျိုဖြူ” ဆိုတဲ့ စကားသာရှိပြီး “လှပျိုညို” ၊ “လှပျို မည်း” ဆိုတဲ့ အသုံးအနှုန်းမျိုး ဒီခေတ်မှာတောင် မရှိသေးပါဘူး။ လူဖြူတွေ ရဲ့ အားကစားတွေဖြစ်ခဲ့တဲ့ တဲနစ်၊ rugby နဲ့ cricket ဂေါက်သီးတို့ဟာ ဆို ရင်လည်း (ပေါ်ပေါ်ထင်ထင်မဟုတ်ပေမယ့်) အထက်တန်းလွှာ ကစားနည်း တွေအနေနဲ့ သတ်မှတ်တတ်ကြပါသေးတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် စည်းစနစ်တကျနဲ့ ဖွဲ့စည်းထားတဲ့ baseball အဖွဲ့တွေထဲမှာ လူမည်းတွေဟာ ပါဝင်ကစားခွင့်မရှိခဲ့ပါဘူး။ အဲ သလိုလူမည်းတွေ ပါဝင်ကစားလို့ မရအောင် baseball color line ဆိုတာ နဲ့ တားမြစ်ထားခဲ့ဖူးတယ်။ လူမည်းတွေဟာ တရားမ၀င် ဖွဲ့စည်းထားတဲ့၊ လူရှေ့မှာ ယှဉ်ပြိုင်ခွင့်မရတဲ့ အသင်းတွေမှာပဲ ကစားခွင့်ရခဲ့တယ်။ လူဖြူ တွေရဲ့baseball အသင်းတွေမှာ အသားအရောင်အနည်းငယ်လတ်တဲ့ လူ နီ အင်းဒီးယန်းတွေ၊ ဟစ်ပဲနစ်တွေနဲ့ ဟာဝိုင်ရီလူမျိုးတွေ ပါဝင်ကစားခွင့် ရခဲ့ပေမယ့် လူမည်းတွေဟာ ခြေချခွင့် မရခဲ့ပါဘူး။ ၁၉၄၇ ခုနှစ်မှာမှ ဂျက် ကီရော်ဘင်ဆင်ဆိုတဲ့ လူမည်းအားကစားသမားဟာ Brooklyn Dodgers မှာ စတင်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ယခုလို လူတွေကို အသားအရောင်ပေါ်မှာမူတည်ပြီး ခွဲခြားဆက် ဆံတတ်ကြတာ နိုင်ငံတိုင်းမှာ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ရှိ တတ်ကြပေမယ့် တောင်အာဖရိကရဲ့ အသားအရောင်ခွဲခြားမှုကတော့ အ လွန်ဆိုးဝါးတဲ့ သမိုင်းတစ်ခုအနေနဲ့ တည်ရှိနေခဲ့ပါတယ်။
(ဆက်ဖတ်ရန်…)

August 11, 2010

ရေကန်ထဲက လိပ်ကလေး

Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 2:05 pm

  နေရောင်ခြည်နုက မေပယ်ရွက်တွေကြားကနေပြီး ဒီရေကန်ကြီးပေါ်ကို တိုးဝင်စီးမျောလာနေတယ်…။

လေပြေတွေတိုက်ခတ်လိုက်တော့ ကိုယ့်ရဲ့ လက်တံစိမ်းစိမ်းတွေက ယိမ်းနွဲ့လှုပ်ခတ်သွားတယ်။ အသံတွေတောင် တရှဲရှဲမြည်သွားလိုက်သေးတယ်။ ရေညှိစိမ်းတွေ ယှက်သန်းနေတဲ့ ရေမျက်နှာပြင်ပေါ်မှာ ရေပိုးကောင်ကလေးတွေ ပြေးလွှားဆော့ကစားနေကြလေရဲ့။ ကန်စပ်က ဘဲငန်းပေါက်စလေးတွေကတော့ သူတို့ရဲ့နှုတ်သီးလေးတွေကို အတောင်ပံထဲ ကွယ်ဝှက်လို့ ငိုက်မြည်းနေကြတယ်။ ကန်စပ်ကျောက်တုံးပေါ်မှာ လိပ်ကလေးတစ်ကောင် နေပူစာလှုံဖို့ အဆင်သင့်ပြင်နေပြီ။ ရေကန်ထောင့်ကြာရွက်တွေပေါ်မှာတော့ ညကတည်းက အိပ်ပျော်နေတဲ့ ပိုးကောင်တစ်ကောင်ကို လှမ်းမြင်နေရတယ်။

နေရောင်ခြည်တွေ စူးရှလာတာနဲ့အမျှ တိတ်ဆိတ်နေတဲ့ ရေကန်ပတ်လမ်းတလျှောက် ဖြတ်သွားဖြတ်လာလူတွေရဲ့ အသံတွေ၊ ကန်စပ်ပေါ်မှာအပြေးလေ့ကျင့်သူတွေရဲ့ ခြေသံတွေနဲ့ စည်ကားလို့လာနေတယ်။ နေ့လည်ပိုင်းတွေဆိုရင်တော့ ကန်စပ်နားက ခုံတန်းတွေပေါ်မှာ အနီးအနားရုံးတွေက ရုံးသူ၊ ရုံးသားတွေ နေ့လည်စာ လာစားတတ်ကြတယ်။ အချို့ကလည်း စာအုပ်တစ်အုပ်၊ ပေါင်မုန့်ယိုသုတ်တစ်ချပ်နဲ့။ အချို့ကလည်း နေကာမျက်မှန်တစ်လက်၊ အိုင်ပေါ့ အိတ်ဆောင် တေးသီချင်းဖွင့်စက်နဲ့။ အချို့ကလည်း တစ်ယောက်တည်းတွေးငေးလို့၊ အချို့ကလည်း အဖော်များနဲ့ စကားဖောင်ဖွဲ့လို့။

p2.jpg

ကန်ကြီးကို အမှီသဟဲပြုပြီး ရှင်သန်ရပ်တည်နေကြတဲ့ ကန်စပ်က မြက်ရှည်ပင်တွေ၊ ကန်ပတ်ပတ်လည်က ရောင်စုံပန်းတွေနဲ့ ကိုယ့်လိုအခြားသစ်ပင်ကြီးတွေ၊ ကန်စပ်က ရေဘဲလေးတွေ၊ ကန်ပေါ်က ပုဇဉ်းကလေးတွေ၊ ကန်ထဲက လိပ်ကလေးတွေ၊ ငါးကလေးတွေ နဲ့ ကြာရွက်ကြာပန်းတွေက ကန်နားကိုလာသမျှ လူတွေ၊ ရုံးသူ၊ ရုံးသားတွေကို စိတ်ကြည်လင်ချမ်းအေးမှု ပေးနေတာကတော့ အမှန်ပဲ။

“ပန်းတွေကလှလိုက်တာနော်…”

“လေတွေက လတ်ဆတ်နေတာပဲ….”

(ဆက်ဖတ်ရန်…)

July 28, 2010

ထင်းရူးနံ့သင်းသော ဧရာဝတီ

Filed under: tag game, ၀တ္ထု — အိမ့်ချမ်းမြေ့ @ 1:57 am

နှင်းရိပ်ရီဝေေ၀ကြားမှာ ငွေလက ခပ်တိုးတိုးသာနေသည်။ ထင်းရူးပင်ဖျားတွေက လရိပ်အောက်မှာ ငိုက်မြည်းနေသည်။ မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ လရိပ်က အရည်ပျော်ငြိမ်သက်လို့..။ သူ.. သောက်လက်စရေခွက်ကို အိပ်ချင်မူးတူးဖြင့် ပန်းကန်ဆေးကြွေခွက်ထဲ ထည့်လိုက်စဉ် မီးဖိုတံခါးက ဖြည်းဖြည်းဖွင့်လာသည်။

“မအိပ်သေးဘူးလား..မောင်တောင် တရေးနိုးလာပြီ၊ ဆံပင်တွေလည်း နှင်းရည်တွေစိုလို့ပါလား”

“လသာလွန်းလို့ ထွက်ရိုက်တာ”

“အိပ်သင့်ပြီနော်၊ မနက်ကျ မထနိုင်ဘူးဖြစ်နေဦးမယ်”

“လူ့ဘ၀က တိုတိုလေး၊ လသာညတွေကလည်း ရေတွက်လို့တောင် ရလို့ပါ”

“ဆံပင်တွေအခြောက်ခံဦး၊ အိပ်ရေးတွေပျက်လို့လည်း မျက်တွင်းတွေ မည်းလာနေပြီ”

“ဟင်.. ဟုတ်လို့လား”

“ဟုတ်တယ်.. အနည်းဆုံး ခုနစ်နာရီတော့ အိပ်သင့်တယ်”

“တစ်နေ့ကို လူတစ်ယောက်က ခြောက်နာရီထက် ပိုအိပ်ရင်ဖြစ်ဖြစ် လျော့ပြီးအိပ်ရင်ဖြစ်ဖြစ် အသက်တိုတတ်တယ်တဲ့။ မောင်လည်း သတိထားဦး၊ တစ်ချိန်လုံး အိပ်ချည်းပဲ နေနေတာပဲ၊ အသက်တိုနေဦးမယ်နော်.. ဟွန်း”

ပြောပြောဆိုဆိုနှင့် သူမ.. အခန်းထဲ ၀င်သွားပြီး တံခါးကို ပိတ်သွားတော့ သူလည်း သူ့အခန်းထဲ ၀င်သွားတော့သည်။

%%%%%%%

နံနက်ခင်း နေရောင်ခြည်က တောက်လက်နေသည်။ စားပွဲပေါ်မှာ နံနက်စာပူပူနွေးနွေးက စားပွဲပေါ်မှာ အဆင်သင့်။ သူ… ကော်ဖီကိုငှဲ့အပြီး အိမ်ရှေ့တခါးက ညင်ညင်သာသာပွင့်လာသည်။ အားကစားဝတ်စုံနှင့် သူမ၏ ကောက်ကြောင်းတို့ နေရောင်ခြည်ကြားက တစ်ချက်လှမ်းကြည့်လိုက်သည်။ မီးဖိုချောင်ကောင်တာပေါ်က သူမအတွက်အဆင်သင့်ကော်ဖီခွက်ကို ယူပြီး သကြားဗူးနားကို သူမ ကပ်သွားသည်။ တစ်ဇွန်း၊ နှစ်ဇွန်း၊ သုံးဇွန်း…။

“တော်လောက်ပြီထင်တယ်။ ဒီလောက် သကြားတွေသောက်နေတာ၊ နည်းတဲ့သကြားတွေမဟုတ်ဘူးစားတာ၊ ဒီကြားထဲ ဟင်းသီးဟင်းရွက်ကလည်း စားတာသိပ်နည်းတယ်.. antioxidant များများစားရတော့မယ်လို့ ပြောနေတယ်”

သူမ ဘာတစ်ခွန်းမှ ပြန်မပြောဘဲ ငုတ်တုပ်ထိုင်ပြီး ကော်ဖီကို ငုံ့သောက်နေသည်။

“ရော့.. ဒီမှာ မုန်လာဥနီစား”

“………………….”

“ဘယ်တွေရောက်ခဲ့လည်း၊ ပန်းခြံဘက်သွားတာလား၊ ပင်လယ်ဘက်ကိုသွားတာလား”
(ဆက်ဖတ်ရန်…)

July 19, 2010

ဗိုလ်ချုပ်သိရင်

Filed under: ကဗျာ — အိမ့်ချမ်းမြေ့ @ 12:16 am

ကိုယ်ပိုင်တဲ့ ….ယဉ်ကျေးမှု
ကိုယ်ပိုင်တဲ့… စာ
ကိုယ်ပိုင်တဲ့….စကား
ကိုယ်ပိုင်တဲ့….အုပ်ချုပ်ရေးနဲ့
ကိုယ်ပိုင်တဲ့….အတွေးတွေ အဓွန့်ရှည်ဖို့
သွေးချွေးတွေနဲ့ရင်း
အသက်နဲ့ သူတို့ လမ်းခင်းခဲ့ကြတယ်။

အခုတော့….
ကိုယ်ပိုင်တဲ့ ယဉ်ကျေးမှု..
ပီပီပြင်ပြင် ဘယ်သူဆက်ပြုစုမှာလည်း
ဖန်သားပြင်ပေါ်မှာပဲ ကျင်လည်နေတော့တဲ့ စာနဲ့
နေ့စဉ်တောင် မှန်မှန် မပြောနိုင်တော့တဲ့…မွေးရာပါ.. စကားလည်း
တစ်ဖြည်းဖြည်း အေးခဲသွားမယ်ထင်ရဲ့ကွယ်..။

ဒီလိုနဲ့…
သူများအုပ်ချုပ်မှုတွေအောက်မှာ မွေ့ပျော်
ပြည်တော်ကို အဝေးကလွမ်း
ဘ၀လမ်းတွေပေါ်က
စမ်းတ၀ါးဝါး ကိုယ်တို့တွေကို..
ဗိုလ်ချုပ်သာ မြင်မယ်ဆိုရင်…

ဗိုလ်ချုပ်သာ..
မြင်မယ်..
ဆိုရင်….

July 13, 2010

မြန်မာ့စတိုင် (ဇူလိုင်ထုတ်)

Filed under: ၀တ္ထု — အိမ့်ချမ်းမြေ့ @ 11:41 pm

July 8, 2010

ရှုံးနိမ့်ခြင်း၏ အနုပညာ

Filed under: my notes, အားကစား — အိမ့်ချမ်းမြေ့ @ 1:49 am

Underdog များကို အားပေးခဲ့တော့လည်း underdog များမို့လို့ မနိုင်ခဲ့ပါဘူး။ အခု underdog မဟုတ်တဲ့ ဂျာမဏီကို အားပေးပြန်တော့လည်း အိမ့်ချမ်းမြေ့ တစ်ယောက် ရေဘ၀ဲလေးကိုတောင် ရှုံးပါတော့တယ်။

ပွဲစတာနဲ့ကို စပိန်ကို ကြောက်နေပုံရတဲ့ ဂျာမဏီ ကိုကြည့်ပြီး အားမလိုအားမရဖြစ်ပါတယ်။ ပွဲစပြီး လေးမိနစ်လောက်မှာလည်း ကွင်းလယ်ကို လူတစ်ယောက်က ပြေးဝင်လာပါသေးတယ်။ လုံခြုံရေးတွေက သူ့ကို ဆွဲခေါ်သွားပြီး မ ထုတ်သွားရပါတယ်။

fan.jpg

အဲဒီလူက ကျမ ငယ်ငယ်တုန်းက စိတ်ကူးခဲ့သလို ကမ္ဘာ့ဖလားကျင်းပတဲ့ ဘောလုံးကွင်းမြက်ခင်းပြင်ကို ထိကြည့်ချင်တယ်နဲ့ တူပါတယ်။ ခုနှစ်နှစ်သမီးအရွယ်တုန်းက တိုင်းနဲ့ပြည်နယ်ဘောလုံးပွဲတစ်ခုမှာ၊ အောင်ဆန်းကွင်းထဲက မြက်ခင်းတွေကို ကြည့်ပြီး “ကမ္ဘာ့ဖလားကျင်းပတဲ့ ကွင်းတွေထဲက မြက်ခင်းပြင်တွေကတော့ ကတ္တီပါခင်းကြီးလိုချောအိနူးညံ့နေလိုက်တာ.. သမီးတို့ အောင်ဆန်းကွင်းက မြက်တွေက အဲသလို စိမ်းစိမ်းစိုစို ဘာလို့ မဖြစ်တာလည်းဟင်” လို့ ဖေဖေ့ကို မေးခဲ့တုန်းက ဖေဖေက ပြုံးပဲနေခဲ့တယ်။ ပြောရင်းနှင့် အောင်ဆန်းကွင်းဘက် ရောက်သွားလို့ ကမ္ဘာ့ဖလားဘက် ပြန်လှည့်ပါမယ်….။

ဂျာမဏီနဲ့စပိန်ပွဲရဲ့ ပထမ၄၅ မိနစ်ပိုင်းမှာ ကန်တဲ့သူတွေအတွက်ကတော့ အကြိတ်အနယ်ဖြစ်ပေမယ့် ကြည့်ရသူအတွက်ကတော့ (ကျမအတွက်) ပျင်းခြောက်ခြောက်နဲ့ စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ ဂျာမန်တွေကတော့ သိသိသာသာပဲ စပိန်တွေကို ကြောက်နေပုံရတယ်။ ပထမပိုင်းမှာ ဘောလုံးဟာ စပိန်တွေရဲ့ ခြေထဲမှာပဲ ရှိနေခဲ့တယ်။ ပထမပိုင်း ပွဲပြီးခါနီး ၄၃ မိနစ်ကျော်ကျော်လောက်မှာ ဂျာမန်ကစားသမား Mesut Özil ပယ်နယ်တီ စည်းထဲမှာ စပိန်တွေတွန်းလို့ လဲကျသွားပေမယ့် ဒိုင်လူကြီးက ပယ်နယ်တီကို မပေးလိုက်ပါဘူး။ ပေးလိုက်ရင် ပွဲက တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်တယ် (ဂျာမဏီအားပေးသူမို့ ဂျာမဏီဘက်မှာ ပြောခြင်းပါ :D) ပွဲတစ်ပွဲလုံးမှာလည်း Mesut Özil တစ်ယောက်လောက်ပဲ အားသွန်ခွန်စိုက် ကြိုးစားနေရတဲ့ ပုံပေါက်နေပါတော့တယ်။ ကျန်သူတွေဟာ သူ့လောက် မပြေးနိုင်တော့သလို ဖြစ်နေပါတော့တယ်။ ဂိုးတိုင်နားရောက်ရင် သူ တစ်ယောက်ပဲရှိပြီး ကျန်တဲ့ ဂျာမန်တွေ တစ်ယောက်မှ ပါမလာတော့ဘူး။

(ဆက်ဖတ်ရန်…)

July 7, 2010

ကောင်းကင်ပြာတဲ့နေ့

Filed under: ဓာတ်ပုံ — အိမ့်ချမ်းမြေ့ @ 12:23 am

ဒီနှစ်နွေရာသီဟာ အခြားနှစ်တွေနဲ့ မတူ အေးစိမ့်စိမ့်နဲ့ စိတ်အလိုမကျဖွယ် ကောင်းလွန်းလှသည်။

ဇူလိုင် ရ ရက်…..။
ကောင်းကင်မှာ တိမ်မျှင် တစ်စတစ်လေတောင် မရှိ.. ကြည်လင်လွန်းလှသည်။ အပူချိန်ကလည်း ၂၀ဒီဂရီနီးပါးအထိ တက်လာသည်မို့ ကျေးငှက်ကလေးတွေကလည်း မြူးတူးလာကြသလို.. ပန်းရနံ့တွေကလည်း မွှေးပျံ့လို့လာနေကြသည်…။

bluesky.jpg

red3.jpg

(ဆက်ဖတ်ရန်…)

July 3, 2010

အနက်ရောင်ကြယ်ပွင့်များရဲ့ အရှုံး

Filed under: my notes, အားကစား — အိမ့်ချမ်းမြေ့ @ 11:16 am

တစ်ကယ်ဆို…အနက်ရောင်ကြယ်ပွင့်များနှင့်အတူ ငိုခြင်းချခြင်းလို့သာ ခေါင်းစဉ်တပ်လိုက်ချင်ပါတော့တယ်…။

သောင်္ကြာနေ့က ဂါနာနဲ့ ဥရုဂွေးတို့ ၁-၁နဲ့ သရေကျနေတုန်း…… ဥရုဂွေးရဲ့ Luis Suarez ဟာ ပွဲမပြီးခင် မိနစ်ပိုင်းလေးအလိုမှာ ဂါနာကန်သွင်းလိုက်တဲ့ ဘောလုံးကို ဂိုးတိုင်ရှေ့တည့်တည့်ကနေ လက်နဲ့ ပုတ်ထုတ်လိုက်တယ်။ ပြီးတော့ မသိမသာ ခေါင်းနဲ့ပုတ်ထုတ်သလို ဟန်ဆောင်လိုက်သေးတယ်။

uruguay2.jpg

Luis Suarez အနီကပ်ရပြီးထွက်သွားရတယ်။ ဒိုင်လူကြီးက ဂါနာကို ပယ်နယ်တီအခွင့်အရေး ပေးပေမယ့် ဂိုးတိုင်ကိုထိပြီး ဂါနာတွေ ဂိုးမ၀င်ခဲ့ပါဘူး။ဒိုင်လူကြီးမှာ ဂိုး ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလည်း။ ဂါနာတွေရဲ့ ကန်ချက်ဟာ ဘယ်လောက်ပြင်းသလည်း လူတိုင်းမြင်ပါတယ်။ ညစ်တီးညစ်ပတ်နဲ့ ဥရုဂွေးဟာ  ကိုးရီးယားကိုလည်း ရှုံးခါနီးကို ဖြစ်ခဲ့ပါသေးတယ်။ အခုလည်း Luis Suarez က လက်နဲ့ကာပြီး စည်းမျဉ်းချိုးဖောက်ပေမယ့်လည်း အင်္ဂါနေ့မှာကစားမယ့် ဟော်လန်နဲ့ပွဲမှာပဲ ကစားခွင့် ပိတ်ခံရတယ်။ တစ်ကယ်လို့ ဖိုင်နယ်ထိတက်မယ်ဆို ဇူလိုင်၁၁ကစားပွဲမှာ ပါဝင်ကစားခွင့်ရှိဦးမယ်လို့ ဆိုနေကြပါတယ်။

ကံဆိုးတဲ့ ဂါနာတွေကတော့ penalty shoot-out မှာ ဥရုဂွေးကို ရှုံးနိမ့်ခဲ့တော့တာပါပဲ။ ကစားကွင်းမြက်ခင်းပြင်တွေပေါ်မှာ ချုံးပွဲချငိုတဲ့ ဂါနာတွေအတွက် အလွန်ကို ရင်နာပါတယ်။ အာရှပြီးရင် အာဖရိကကို အားပေးပါတယ်။ တစ်ခါလာလည်း ဥရောပနှင့် တောင်အမေရိကချည်းပဲဆိုတော့… underdogs တွေကို အားပေးနေသူ အိမ့်ချမ်းမြေ့လည်း အခုထိ တစ်ပွဲမှကို မနိုင်သေးပါဘူး။

တစ်ကယ်ကတော့ ဂါနာတွေ အနိုင်ရတာပါ။ သမိုင်းကအဆုံးအဖြတ်ပေးပါလိမ့်မယ်။ (သမိုင်းနှင့်ကို ကိုင်ပေါက်ပါပြီ :P)

uruguay.jpg

*************

ဒီနေ့တော့ ဂျာမဏီက အာဂျင်တီးနားကို ၄-၀ နဲ့ကို အနိုင်ရသွားပါတယ်။ အစကတည်းကလည်း ထင်ပါတယ်။ ဂျာမဏီတွေက အပြေးကလည်းသန်သလား မမေးနှင့် ဆိုတော့ အာဂျင်တီးနားအနေနှင့်နိုင်ရန် မလွယ်ပါဘူး။ စိတ်တန်ခိုးရှိသော ရေဘ၀ဲလေးထက်ကို အိမ့်ချမ်းမြေ့ မှန်ပါတယ်(ဒီတစ်ခါပါပဲ :D)။ အင်္ဂလန်မှာမွေးတဲ့ ဂျာမဏီငါးပြတိုက်ထဲက ရေဘ၀ဲလေးက ဂျာမနီ အနေနဲ့ အာဂျင်တီနားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အချိန်ပိုနှင့် ပင်နယ်တီ ကန်သွင်းမှု အဆင့်ရောက်မှ အနိုင်ရမည် လို့ ဆိုခဲ့ပေမယ့် ပွဲစပြီး သုံးမိနစ်အတွင်းကို ဂျာမဏီက တစ်ဂိုးကန်သွင်းခဲ့ပါတယ်…။ Miroslav Klose ကချည်းကို ၂ဂိုးသွင်းပါတယ်။ အပြောကြီးခဲ့သော မာရာဒိုနာတော့ ဘယ်လိုနေမည် မသိပါ။

အဟောင်းလေးတွေဖတ်ချင်ရင်.. »

Creative Commons License
This work is licensed under a Creative Commons Attribution-Noncommercial-Share Alike 2.5 Canada License.

သည်စာမျက်နှာပေါ်တွင်ရှိသော ကျမ ကိုယ်တိုင်ဖန်တီးထားသော စာပေ၊ ဆောင်းပါး စသော အနုပညာနှင့် ပတ်သက်သောစာများ၊ ကျမကိုယ်တိုင်ဆွဲသော မတောက်တခေါက်ပန်းချီများ၊ ဓာတ်ပုံများကို အခြားနေရာတွင် ကူးယူဖော်ပြမည်ဆိုပါက ကျမ၏ ဖန်တီးမှုများဖြစ်ကြောင်း ဖော်ပြပေးပါရန် လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ရှင်။

အောက်တိုဘာလ ၂၀၀ရ မှစ၍ လာရောက်လည်ပတ်သူများ free web counter
ယောက် စာဖတ်နေတယ်

♥♥ ...... ♥♥

တစ်ချိန်တုန်းက အမှတ်တယလေးတွေ....

myfeet4.gif

♥♥ ...... ♥♥

myfeet5.gif Copy Protected by Computer tech tips